Tuesday, April 4, 2017

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပထမ တစ်နှစ်တာ (နေပြည်တော်ကောင်စီ) အပိုင်း-၁

နေပြည်တော်ကောင်စီက အစိုးရသစ်တစ်နှစ်တာကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ သိရှိနိုင်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် အား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။
မေး ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရိုင်၊ မြို့နယ် အခြေအနေနဲ့ လူဦးရေ ဘယ်လောက်
ရှိတယ်ဆိုတာ သိလိုပါ တယ်ရှင့်။
ဖြေ ။ နေပြည်တော်က ခရိုင်နှစ်ခရိုင်၊ မြို့နယ်ရှစ်မြို့နယ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒက္ခိဏခရိုင်နဲ့ ဥတ္တရခရိုင် တို့ဖြစ်ပြီး ဒက္ခိဏခရိုင်ရဲ့အောက်မှာ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ရှိပါတယ်။ ဥတ္တရခရိုင်မှာ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နဲ့ ဥတ္တရ သီရိမြို့နယ်ဆိုပြီး ရှိပါတယ်။ ခရိုင်နှစ်ခရိုင်အတွင်း ရပ်ကွက် ၅၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈၇ စု၊ ကျေးရွာပေါင်း ၇၉၅ ရွာရှိပါတယ်။ အိမ်ခြေအနေနဲ့ ၂၄၂၃၅၁ခု ၊ အိမ်ထောင်စု ၂၄၈၈၅၃ စုနဲ့ လူဦးရေက ၁၀၆၃၂၁၆ ဦး ရှိပါတယ်။
မေး ။ နေပြည်တော်ကြီး သာယာလှပဖို့နဲ့ တိုးတက်ဖွံ့ ဖြိုးမှု အတွက် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေကို ပြောပြပေးပါရှင့်။
ဖြေ။ ကျွန်တော်တို့ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ဆောင် ရွက်ခဲ့တာတွေကို ပထမဆုံး တင်ပြလိုပါတယ်။ ကျေးရွာတွေမှာ ပညာရေးကဏ္ဍအဆင့်မြှင့်တင်ဖို့ အများကြီးလိုနေပါသေးတယ်။ ဒါကြောင့် တစ်နှစ်တာကာလ အတွင်းမှာ ကျေးရွာတွေကို အဓိကထားပြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်း (၇၃) ကျောင်းကို တစ်ဆင့် တိုးပြီး မြှင့်တင်နိုင်ခဲ့ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် အထက်တန်းကျောင်း (ခွဲ) ကနေ အထက်တန်းကျောင်းအဖြစ် သုံးကျောင်း၊ မူလတန်း ကျောင်းလေး တွေဆိုရင်လည်း မူလတန်းလွန်၊ မူလွန်ကနေ အလယ်တန်း ကျောင်း (ခွဲ)စသည်ဖြင့် အဆင့်ဆင့်မြှင့်တင်ခဲ့တာ ကျောင်း ပေါင်း (၇၃) ကျောင်းကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တချို့ကျောင်းတွေမှာ ကျောင်းဆောင်သစ်တွေပါ တိုးချဲ့ ဆောက်လုပ်နိုင်ခဲ့ပါတယ်။ တစ်နှစ်အတွင်း နေပြည်တော် ကောင်စီအနေနဲ့ ကျေးရွာတွေမှာ ဆရာ ဆရာမ ပေါင်း ၇၅၀ နီးပါးခန့်ထားနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုနယ်မြေအတွင်းမှာ ကျောင်း အသစ်ပေါင်း (၃၆) ကျောင်းကို အာစီ (၂)ထပ်အပါ အဝင် အုတ်ညှပ်တွေနဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုတည် ဆောက်တဲ့နေရာမှာ တကယ်လိုအပ်နေတဲ့ နေရာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကျောင်းသားမိဘတွေနဲ့ ပညာရေးဌာနက တာဝန်ရှိသူများနဲ့ တိုင်ပင် ဆွေးနွေးပြီး ဆောက်လုပ်နိုင်ခဲ့ပါတယ်။ နေပြည်တော်ကောင်စီမှ ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၂၃၀ဝအတွင်းက တိုးချဲ့ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။
မေး။ ကျန်းမာရေးကဏ္ဍအနေနဲ့ ဆောင်ရွက်ခဲ့မှုတွေ ဆက်ပြောပြ ပေးပါရှင့်။
ဖြေ။ နေပြည်တော်အတွင်းက ကျေးရွာတွေအရောက် ကျန်းမာ ရေး ဝန်ကြီးဌာနမှ အထူးကုဆရာ ဝန်ကြီးတွေ လိုက်ပါပြီး ကျန်းမာ ရေးစောင့်ရှောက်မှု (၇) ကြိမ်အထိ ကွင်း ဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အဓိက တပ်ကုန်း မြို့နယ် ရွှေမြို့၊ အိုင့်ကျယ်၊ သပြေပင်၊ လယ်ဝေးမြို့နယ်မှာ စမတောင်၊ ပုဗ္ဗသီရိမြို့နယ်မှာ အေးမြင့်သာယာစသဖြင့် နေရာပေါင်း(၇) နေရာမှာ အထူးကု ဆရာဝန်ကြီးတွေလိုက်ပါပြီး ကုသပေးနိုင်ခဲ့ပါတယ်။
အထူးကုအဖွဲ့မှာ အထွေထွေအထူးကု၊ ကလေးအထူးကု၊ ငှက်ဖျားအထူးကု၊ အနာကြီးအထူးကု၊ ခွဲစိတ်အထူးကု၊ သွား ရောဂါအထူးကုဆရာဝန်တွေပါ လိုက်ပါ ကုသပေးနိုင်ခဲ့ပါတယ်။ (၇) ကြိမ်ကုသတဲ့အထဲမှာ လူနာပေါင်း ၉၀၀ ကျော်ကို ကုသပေး နိုင်ခဲ့ပါတယ်။ ပုံမှန်နေပြည်တော်နယ်မြေအတွင်းမှာတော့ ကျေးလက်ကျန်းမာရေးဌာန (၂၈) ခုကို တိုးချဲ့ဖွင့်လှစ်ပေးနိုင် ခဲ့ပါတယ်။ ပုံမှန်ဆေးခန်းဖွင့်ပြီး ကုသနေတာကတော့ (၁) နှစ်အတွင်း ကျေးလက်ကျန်းမာရေး ဌာနတွေက လူနာပေါင်း ငါးသိန်းလောက် ကုသစောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။ ဒါက အထူးစီမံချက်တွေ မပါသေးပါဘူး။ အထူးစီမံချက်များအနေနဲ့ ကတော့ သီးသန့်ကျေးလက်တွေကိုဆင်းပြီး ကုသပေးတာတွေ ရှိသလို မိသားစုကျန်းမာရေး စီမံချက်မှာဆိုရင်လည်း ကိုယ်ဝန် ဆောင်မိခင်တွေ စောင့်ရှောက်မှု နှစ်သောင်း နီးပါးနဲ့ ငါးနှစ် အောက်ကလေးပေါင်း ၆၄၀၀၀ ကျော်ကိုလည်း ကုသစောင့် ရှောက်ပေးနိုင်ခဲ့ပါတယ်။
ကျောင်းကျန်းမာရေးစီမံချက်အနေနဲ့ကတော့ နေပြည်တော်အတွင်းမှာ အအောင်မြင်ဆုံးကဏ္ဍလို့ ပြောချင်ပါတယ်။ မူလတန်းကျောင်းသား ၁၂၀၀၀၀ ကျော် ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၉၉ ရာခိုင်နှုန်းအထိ စစ်ဆေးပြီး ကျန်းမာရေး စောင့် ရှောက်မှုပေးနိုင်ခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုများ စတင်ဆောင်ရွက်စဉ်ကတည်းကပင် ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းအနေနဲ့ တစ်နှစ်အောက် ကလေး သေဆုံးမှုဟာ ၄ ဒသမ ၉ ရာခိုင်နှုန်းပဲရှိပြီး မိခင်သေဆုံးမှုကတော့ ၀ ဒသမ၉ ရာခိုင်နှုန်း အထိလျော့ကျသွားတာကို တွေ့ရပါတယ်။
တိုးချဲ့ကာကွယ်ရေးစီမံချက်အနေနဲ့လည်း ကလေးပေါင်း ၁၇၀၀၀ ကျော်နဲ့ ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၁၇၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ပါတယ်။ ကုသရေးအနေနဲ့လည်း နေပြည်တော် နယ်မြေမှာ ခုတင် ၁၀၀၀ ဆေးရုံကြီးဟာ ပြည်ထောင်စု နယ်မြေ နေပြည်တော်တင်မကဘဲ ပတ်ဝန်းကျင်မှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များက ပြည်သူတွေပါ အားကိုးတကြီးလာရောက် ကုသနေတာကို တွေ့ မြင်ရပါတယ်။ ဒါကြောင့် နေပြည်တော်ရဲ့ ကုသရေး စီမံချက်အနေနဲ့ အထူးကုဆေးရုံကြီးလေးရုံကို တစ်နှစ်တာအတွင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။
အဲ့ဒီအထူးကုဆေးရုံကြီးတွေကတော့ အရိုးအထူးကု ဆေးရုံကြီး၊ သားဖွားမီးယပ်နဲ့ ကလေးအထူးကုဆေးရုံကြီး၊ သွားနဲ့ခံတွင်း အထူးကုဆေးရုံကြီးနဲ့ မျက်စိ၊ နား၊ နှာခေါင်းဆေးရုံ ကြီးတို့ပဲဖြစ် ပါတယ်။ ဒီဆေးရုံ လေးရုံဟာ စတင်ကုသပေးနေပြီဖြစ်ပါတယ်။
မေး ။ ကျေးလက်ဒေသဖွံ့ ဖြိုးရေးဆောင်ရွက်မှုနဲ့ပတ်သက်ပြီး သိချင်ပါတယ်ရှင့်။
ဖြေ ။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထဲမှာ ကျေးလက်တွေ မှာရှိတဲ့ ကွန်ကရစ်လမ်း ၀ ဒသမ ၇၆ ဖာလုံ၊ ကျောက် ချောလမ်းအဖြစ် မြှင့်တင်နိုင်တာ ၁၆ မိုင်၊ ရိစာလမ်း စတင်ခင်းတာ ၅ မိုင်နဲ့ မြေသားလမ်းပြုပြင်တာ ၁၄ မိုင် ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ကျေးလက်တွေက ဖွံ့ ဖြိုးမှုနောက်ကျနေတဲ့အတွက် ကျေးလက်ဒေသတွေကိုပဲ အဓိကထားဆောင်ရွက်ပေးခဲ့တာဖြစ် ပါတယ်။ တံတားလုပ်ငန်းမှာလည်း ပေ ၃၆၀ အထက် ကွန်ကရစ် တံတားရှစ်စင်း၊ သစ်သားတံတား ၂၁ စင်း၊ ပေ ၃၈၀ ကျော် ၄၀၀ နီးပါးရှိတဲ့ ရေကျော်လမ်းငါးစင်း၊ Box Culvert ၆၅ စင်းနဲ့ ရေပြွန်ငါးခုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။
မေး ။ နေပြည်တော်ကောင်စီနယ်မြေအတွင်း သောက်သုံး ရေရရှိရေးဆောင်ရွက်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြ ပေးစေလိုပါတယ် ရှင့်။
ဖြေ ။ နွေရာသီမှာ မကြာမကြာကြုံတွေ့နေရတာက သောက်သုံးရေ ပြတ်လပ်မှုပါ။ ဒီကိစ္စအတွက်ကလည်း ပေ ၄၀၀ အနက်ထက်ပိုတဲ့ တွင်းနက်တွေကို ရွာပေါင်း ၂၈ ရွာမှာ ၂၈ တွင်း၊ တွင်းတိမ်လို့ခေါ်တဲ့ ပေ ၂၀၀ ဝန်းကျင်တွင်းက ရွာ ခြောက်ရွာမှာ ခြောက်တွင်း၊ လက်တွင်းကတော့ နှစ်ရွာမှာ နှစ်တွင်းနဲ့ မြေသားကန်ကတော့ သုံးရွာမှာ သုံးကန်ဖြစ်ပါတယ်။ နေပြည်တော်နယ်မြေအတွင်းမှာ ရှမ်းရိုးမရဲ့ အခြေနဲ့ဆက်နေတဲ့ တောင်ပေါ်ရွာတွေမှာတော့ စိမ့်စမ်းရေကို ပိုက်နဲ့သွယ်ပြီးတော့မှ ရေရရှိအောင် ရွာ ၁၀ ရွာမှာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး နေပြည်တော် ဒေသဟာ နယ်မြေ အကျယ် အဝန်းအရ အခြားဒေသနဲ့ မတူသလို ဆည်မြောင်းတာတမံတွေ အင်မတန်ပေါကြွယ်ဝတယ်လို့ လူသိများပါတယ်။ ဆည်မြောင်း တာတမံ ၃၂ ခုကို ဆည်မြောင်းဦးစီးဌာနနဲ့ နေပြည်တော်စည်ပင် ဌာနအောက်မှာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။ ဒီနှစ်ထဲမှာ ဆည်ရေသောက် ဧကပေါင်း ၇၀၀၀၀ ကျော်ရှိတဲ့ အနက် မိုးစပါးဧက ၆၈၀၀၀ ကျော်နဲ့ နွေစပါးဧက ၁၅၀၀၀ လောက် စိုက်ပျိုးနိုင်ခဲ့ပါတယ်။
ဆည်မြောင်းတာတမံ ထိန်းသိမ်းခြင်းကို လုပ်ငန်း ပေါင်း ၃၁၄ ခုနဲ့ ကျပ်ငွေကျပ်သန်းပေါင်း ၃၈၀၀ ကျော် ပြည်ထောင်စု ဘဏ္ဍာငွေကနေ ခွင့်ပြုထားပြီးဖြစ်ပါတယ်။၂၀၁၆-၂၀၁၇ ငွေလုံး ငွေရင်းနဲ့ ဆောင်ရွက်ခဲ့တဲ့ တည်ဆောက်ရေး-၅ က တည်ဆောက် ခဲ့တာတွေကို အကျဉ်းချုပ်တင်ပြလိုပါတယ်။ အဆင့်မြင့်လယ်ယာ ဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဆည်မြောင်း၊ တူးမြောင်းတူးဖော် ခြင်းလုပ်ငန်းအသစ်ကို ၅၁ ဒသမ ၁၄ မိုင်၊ တူးမြောင်းအဆောက် အအုံ တည်ဆောက်ခြင်းလုပ်ငန်းပေါင်း ၁၉၃ ခုကို ခွင့်ပြုငွေကျပ် ကျပ်သန်းပေါင်း၄၁၀၀ ကျော်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းမှာ လယ်ယာ စိုက်ပျိုးရေးနဲ့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ရဲ့ချေးငွေနဲ့ ပျဉ်းမနားမြို့ ဇီးဖြူပင်ရွာရဲ့ အလယ်ပေါင်း လောင်းဆည်ရေသောက်ထဲမှာ ဧရိယာ ၅၄ ဧကကို အဆင့်မြင့် လယ်ယာအဖြစ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကတော့ ဆက်လက် ဆောင်ရွက်ဆဲ အဆင့်မြင့်လယ်ယာကူးပြောင်းရေးလုပ်ငန်းမှာ ပြီးခဲ့တဲ့နှစ်ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အလားတူ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို တောင်သူ တွေဆီ ပြန်လည်အပ်နှံမှုမှာလည်း တပ်ကုန်းမြို့ နယ်က လယ်သမားပေါင်း ၈၇ ဦးကို ပုံစံ(၇)တွေ ထုတ်ပေးပြီး ဧက၂၀၀ ကျော် ပြန်လည်အပ်နှံခဲ့ပါတယ်။




No comments:

Post a Comment