Tuesday, April 4, 2017

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပထမ တစ်နှစ်တာ (ရခိုင်ပြည်နယ်)အပိုင်း-၂

နှစ်တို/နှစ်ရှည် မြေငှားဂရန်
ရခိုင်ပြည်နယ်အတွင်း ပြည်နယ်/ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အများပြည်သူနှင့် ဌာနဆိုင်ရာများသို့ နှစ်တို/ နှစ်ရှည် မြေငှားဂရန်နှင့် စီးပွားရေးစက်မှု လုပ်ငန်းများအတွက် စက်မှု/စီးပွားမြေငှား ဂရန်(Lease) ခွင့်ပြုပေးနိုင်ရေး လျှောက်ထားလာမှုအပေါ် မြေငှားဂရန်(မြေငှားစာချုပ်) စုစုပေါင်း ၅၈၅ ခုကို ခွင့်ပြုခဲ့သည်။
မြေသိမ်း၊ မြေလွှဲခွင့်ပြုပေးနိုင်ရေး ဆောင် ရွက်ခဲ့ရာ မြေသိမ်း တစ်မှု၊ မြေလွှဲ ၁၁ မှု စုစုပေါင်း
မြေသိမ်းမြေလွှဲ ၁၂ မှုကို ခွင့်ပြု နိုင်ခဲ့သည်။ ပြည်နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများထံသို့ ပထမအကြိမ်ကျေးရွာမြေငှား ဂရန် ထုတ်ပေးသည့်အနေဖြင့် မြေငှားဂရန် (မြေငှားစာချုပ်) စုစုပေါင်း ၄၄၂ ခုကို ထုတ်ပေးခဲ့ပြီး ဒုတိယအကြိမ်တွင် မြေငှားဂရန် စုစုပေါင်း ၈၆၅ ခုကို ထုတ်ပေးခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရခိုင်ပြည်နယ်တွင် Sim Card ပေါင်း ၅၅ဝဝဝ ကို ရောင်းချထားပြီး တာဝါတိုင်အရေအတွက် ၉၆ ခုကို တိုးချဲ့စိုက်ထူထားရှိသည်။ ထို့အပြင် အော်တိုအိတ်ချိန်း ငါးခုကို တိုးချဲ့တပ်ဆင် လျက်ရှိသည်။ ထို့ကြောင့် ရခိုင်ပြည်နယ် တစ်ခုလုံး ဆက်သွယ်ရေးဧရိယာလွှမ်းခြုံလျက် ရှိသည်ကို တွေ့ရှိရသည်။
မိုးများတဲ့ ဒေသ
ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ''ရခိုင်ပြည်နယ်ဟာ မိုးများတဲ့ဒေသဖြစ်လို့ ပြည်နယ်အတွင်း ကမ်းပြိုခြင်း၊ သောင်ထွန်းခြင်းတွေ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေနဲ့ ရခိုင် ပြည်နယ် ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကိုးခုနဲ့ မြေထိန်းနံရံ ပြန်လည်မွမ်းမံခြင်း တစ်ခု၊ မြေထိန်းနံရံ တည် ဆောက်ခြင်းလုပ်ငန်း သုံးခုနဲ့ သောင်တူးဖော် ခြင်းလုပ်ငန်းတစ်ခုတို့ကို ဆောင်ရွက်လျက်ရှိပါတယ်''ဟု ပြောသည်။
ပြည်နယ်အစိုးရ၏ မူလရန်ပုံငွေ၊ ဖြည့်စွက်ရန်ပုံငွေ၊ ပိုလျှံရန်ပုံငွေများဖြင့် ရေငန်တားတာများ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ရေတံခါးများတည်ဆောက်ခြင်း၊ လျှိုပိတ်ဆည်များ တည်ဆောက်ခြင်း၊ လယ်သမားတာ (ကာရီ)များ ပြုပြင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင် ခြင်း၊ ကျေးလက် ဆည်/ကန်များ ပြုပြင်ခြင်း၊ ဆက်စပ်မြောင်းတူးဖော်ခြင်း၊ ချောင်းပိတ်လုပ်ငန်း၊ ရေလှောင်တမံနှင့် ဆက်နွှယ်အဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများအတွက် ငွေကျပ် ၇၂၆ဝ၈၃၅ သန်းကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုရန်ပုံငွေ (ငွေလုံးငွေရင်း)၊ (သာမန်) ငွေကျပ်သန်း ၂၁၃ဝ ကျော်ဖြင့် စစ်တွေမြို့ သောက်သုံးရေပြည့်ဝစွာရရှိရေးအတွက် ကန်တော်ကြီးအား တိုးချဲ့ပြုပြင်ခြင်း၊ အဆောက်အအုံ အထွေထွေပြုပြင်ခြင်း၊ ရေငန်တားတာပြုပြင်ခြင်းနှင့် နွေစပါးရေချို ချောင်းပိတ် မြောင်းပိတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
စပါးအထွက်နှုန်း
ရခိုင်ပြည်နယ်တွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် နွေစပါးစိုက်ဧက ၁၁ဝ၃၇၆၂ ဧကရှိပြီး အထွက်နှုန်းအားဖြင့် တစ်ဧက ၆၅ ဒသမ ၂၇ တင်းထွက်ရှိကာ စိုက်ပျိုးဧရိယာတစ်ခုလုံး ၇၂ဝ၄၂၅၄၆ တင်း ထွက်ရှိခဲ့သည်။
နွေစပါးလျာထားဧက ၃ဝ၂ဝဝ ဧက လျာထားသော်လည်း ၂ဝ၁၇ ခုနှစ် ဖေဖော် ဝါရီ ၂၈ ရက်အထိ ၇၂၅၅ ဧက စိုက်ပျိုး လျက်ရှိသည်။ ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန်နှင့် တောင်သူ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်စေရန် ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ၂ဝ၁၆ ခုနှစ် မတ် ၃ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၂၅ဝ ကို သင်ကြားပို့ချလျက် ရှိသည်။
ပြန်လည်ဆင့်ပွားပေးနိုင်မည်
ကျောင်းသား ကျောင်းသူများသည် သက်ဆိုင်ရာပညာရပ်များကို ဆည်းပူးပြီး သင်ကြားခဲ့သည့် အသိပညာအတွေ့အကြုံ များဖြင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို တောင်သူများသို့ ပြန်လည်ဆင့်ပွားပေး နိုင်မည်ဖြစ်သည်။
၂ဝ၁၇ ခုနှစ် မတ် ၂ ရက်တွင် ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ရခိုင်ပြည်နယ် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်ဖန်တီးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပြည်နယ်တွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းလုပ်ကိုင်သူများ တက်ရောက်ခဲ့ကြပြီး ပြည်တွင်းပြည်ပ ပညာ ရှင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ် ရေးခက်ခဲသောဒေသပြည်နယ်တစ်ခု ဖြစ်သော်လည်း ယခုအချိန်တွင် လမ်းပန်းဆက် သွယ်ရေးအဆင်ပြေချောမွေ့လာစေရန်နှင့် မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရန် လမ်း တံတားများ တည်ဆောက်ခြင်း၊ ဖောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းများကို သက်ဆိုင်ရာဌာနများမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ရှစ်လမ်း၊ လမ်းမိုင် အရှည် ၅၁၄ မိုင် ၆ ဖာလုံနှင့် ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ၄၃ လမ်း၊ လမ်းမိုင် အရှည် ၇၁ မိုင် ၄ ဖာလုံ ၇ဝ ပေ စုစုပေါင်း ၅၁ လမ်း၊ လမ်းမိုင်အရှည် ၁၂၂၆ မိုင် ၂ ဖာလုံ ၇ဝ ပေကို တာဝန်ယူဆောင်ရွက်လျက် ရှိသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အစိုးရသစ် လက်ထက်တွင် လမ်းလုပ်ငန်းအနေဖြင့် ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း ၁၄ မိုင် ၃ ဖာလုံ ၅၉၄ ပေ ရန်ပုံငွေကျပ် ၆၆၇၆ ဒသမ ၅၆၆ သန်း၊ ၂၃ ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်းခင်းခြင်း ၁ မိုင် ၇ ဖာလုံ ၂၈ဝ ပေ ရန်ပုံငွေကျပ် ၇၅၆ ဒသမ ၇၄ဝ သန်း၊ ၁၂ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း ၂ဝ မိုင် ၃၃ဝ ပေ၊ ရန်ပုံငွေကျပ် ၃၅၉၃ ဒသမ ၃ဝဝ သန်း၊ ၁၈ ပေအကျယ် ကတ္တရာလမ်း တိုးချဲ့တည်ဆောက်ခြင်း ၁၇ မိုင် ၂ ဖာလုံ ၄၆၂ ပေ၊ ရန်ပုံငွေကျပ် ၃၁၆၈ ဒသမ ဝ၆ဝ သန်း၊ ကျောက်ချောလမ်းခင်းခြင်း ၃၄ မိုင် ၄ ဖာလုံ၊ ရန်ပုံငွေကျပ် ၁၈၄၉ ဒသမ ၁၄၁ သန်းနှင့် မြေကြီးတာပေါင်တင်/ချဲ့ခြင်း ၃၉ မိုင် ၄ ဖာလုံ၊ ရန်ပုံငွေကျပ် ၂ဝ၇၅ ဒသမ ၆ဝ၈ သန်း၊ စုစုပေါင်းရန်ပုံငွေကျပ် ၁၈၁၁၉ ဒသမ ၄၁၅ သန်းဖြင့် ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
တံတား ၂ဝဝ နီးပါး
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တံတား လုပ်ငန်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ပေ ၁၈ဝ အောက် တံတား ၁၈၈ စင်း ရန်ပုံငွေ ကျပ် ၄၂၂ဝ ဒသမ ၉၉၂ သန်းနှင့် ပေ ၁၈ဝ နှင့်အထက် တံတား ၁ဝ စင်း၊ ရန်ပုံငွေကျပ် ၉၂၇၄ ဒသမ ၅ဝဝ သန်း စုစုပေါင်း ရန်ပုံငွေကျပ် ၁၃၄၉၅ ဒသမ ၄၉၂ သန်းဖြင့် တံတား ၁၉၈ စင်းကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ပေ ၁၈ဝ နှင့် အထက်တံတား ၁ဝ စင်းအနက် တောဖျားချောင်းတံတား ပေ ၁၂ဝဝ (ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်း)၊ ထွန်းရဝေ တံတား ပေ ၄၅ဝ (ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်း)၊ ပန်ဇင်းချောင်းတံတား ပေ ၉၆ဝ (ရသေ့တောင်-ဘူးသီးတောင်လမ်း)၊ အောင်သာချောင်းတံတား ပေ ၁၈ဝ (ရသေ့တောင်- ဘူးသီးတောင်လမ်း)နှင့် အုန်းချောင်းတံတား ပေ ၂၁ဝ မာန်အောင်ကျွန်းပတ်လမ်း စုစုပေါင်း တံတားငါးစင်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ကုန်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ရာ ကျန်ရှိသော တည်ဆောက်ဆဲတံတား ငါးစင်း အနက် ဒါးလက်ချောင်းတံတား ပေ ၉၆ဝ၊ မင်းဘူး-အမ်း-စစ်တွေလမ်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ၁ဝဝ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ရန်လျာထားပြီး ကြပ်စင်မြစ်ကူး တံတား ပေ ၁၉၂ဝ (မြေပုံ-မင်းပြားလမ်း)၊ ရသေ့တောင်ချောင်း ပေ ၈၈ဝ (ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်း)၊ စိုင်းဒင် ချောင်းတံတား ပေ ၆ဝဝ (ရသေ့တောင်-ဘူးသီးတောင်လမ်း)နှင့် ဆတ်ရိုးကျတံတား ပေ ၁၃၄ဝ (စစ်တွေမြို့နယ်) စုစုပေါင်း တံတားလေးစင်းကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေလျာထားချက်အရ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လုပ်ငန်း ၁ဝဝ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့အနေဖြင့် ကတ္တရာလမ်း ၄ မိုင် ၅ ဒသမ ၂၇ ဖာလုံ) ကျောက်လမ်း ၂ မိုင်၅ ဒသမ ၇၄ ဖာလုံ) ကွန်ကရစ်လမ်း ၁ မိုင် ၄ ဒသမ ၅၈ ဖာလုံနှင့် အခြားလုပ်ငန်း ၄၅ မျိုး စုစုပေါင်း ၈ မိုင် ၇ ဒသမ ၅၉ ဖာလုံကို ခွင့်ပြု ငွေကျပ် သန်း ၁၃၇၅ ဒသမ ၂၄၄ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။
ရေပေးရေးလုပ်ငန်း
ထို့အပြင် ကွန်ကရစ်တံတား ၃၁ စင်း၊ ရေပြွန် ၂၇ စင်း အခြားပြုပြင်ရေးလုပ်ငန်း ၁၂ ခု တို့အတွက် ကျပ်သန်း ၁၇၈ ဒသမ ၈၆ဝ ကို လည်းကောင်း၊ မြို့ပြရေပေးရေးလုပ်ငန်းများ အတွက် မြေသားရေကန် ငါးကန်နှင့် အခြား ရေပေးရေးလုပ်ငန်း ၃၉ ခုအတွက် ကျပ်သန်း ၃၃၁ ဒသမ ၄၂၂ လုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ကျေးလက်လမ်းများတည်ဆောက်မှုကို ပြည်နယ်ရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ကွန်ကရစ်လမ်း၊ မြေသားလမ်း၊ ကတ္တရာလမ်း၊ ကျောက်ချောလမ်း စုစုပေါင်း လမ်း ၂ဝ မိုင်ပေါင်း ၅၁ မိုင် ၇ ဒသမ
ပြည်နယ်ရန်ပုံငွေဖြင့် ကျေးလက်လမ်း တည်ဆောက်မွမ်းမံခြင်း ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ မြေသားလမ်းနှင့် အခြားလမ်းများ တည်ဆောက်မွမ်းမံခြင်း လမ်း ၂၉ လမ်း၊ ၁၃ မိုင် ၃ ဒသမ ၁၇၅ ဖာလုံကို ခွင့်ပြုငွေကျပ် ၅၅၈ ဒသမ ၈၉၄ သန်း အသုံး ပြုကာ ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော် ထောက်ပံ့ငွေဖြင့်လည်း လမ်း၊ တံတားများကို ဆောင်ရွက်လျက်ရှိသည်။
ထောက်ပံ့ငွေကျပ် ၇၈ ဒသမ ဝ၉၂၅ သန်းဖြင့် ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ မြေသားလမ်းနှင့် အခြားကျေးလက်လမ်း ခြောက်လမ်း၊ ၇ ဒသမ ၉၇ ဖာလုံကို ဆောင် ရွက်ခဲ့ပြီး ကွန်ကရစ်တံတားအစင်း ၃ဝ (၅၃၄ ပေ)၊ Box Culvert ၈၂ စင်း (၄၁၅ ပေ) စုစုပေါင်း တံတား ၁၁၂ စင်းအတွက် ငွေကျပ် သန်း ၆၉၃ ဒသမ ၈ဝဝ အသုံးပြုကာ ဆောင် ရွက်နိုင်ခဲ့သည်။
ကျေးလက်တံတားများ မွမ်းမံတည် ဆောက်ရန် ခွင့်ပြုငွေကျပ် ၈၉၉ ဒသမ ၅ဝဝ သန်း အသုံးပြုကာ တံတား ၇၄ စင်း ပေ ပေါင်း ၁၂၅၂ ပေ ကို ပြုပြင်မွမ်းမံခဲ့ပြီး နိုင်ငံတော်ထောက်ပံ့ငွေကျပ်သန်း ၁၉ဝ ဒသမ ဝဝ၂၅ သန်းဖြင့် တံတား ၁ဝ စင်း (၃၂၆ ပေ)အရှည်ကိုလည်း တည်ဆောက်ခဲ့သည်။
ပြုပြင်မွမ်းမံ
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ကျပ်သန်း ၁၈၆ဝ ခန့်ဖြင့် လက်တူးတွင်း၊ မြေသားရေကန်၊ စိမ့်စမ်းရေသွယ်တန်းခြင်း စုစုပေါင်းရေတွင်းရေကန် ပိုက်သွယ်တန်းမှု ၂၅ ခုကိုလည်းကောင်း၊ ကျေးလက်ရေပေးရေး လုပ်ငန်းများအား ပြုပြင်မွမ်းမံနိုင်ရန်အတွက် ခွင့်ပြုငွေ ၉၄ ဒသမ ၃ဝ ကျပ်သန်းကို အသုံး ပြုကာ မြေသားရေကန် စိမ့်စမ်းရေသွယ်တန်းခြင်း လက်တူးတွင်းအုတ်ရေကန်၊ ရေတားတမံနှင့် အခြားပြုပြင်မွမ်းမံရေးလုပ်ငန်းပေါင်း ၄၂ ခုကို ဆောင်ရွက်ခဲ့သည်။
ကျေးလက် ရေပေးရေးလုပ်ငန်းများကို နိုင်ငံတော်ထောက်ပံ့ငွေ ၄၅ ဒသမ ၃၅၂ ကျပ်သန်းဖြင့် လက်တူးတွင်း၊ တွင်းတိမ်၊ အုတ်စီရေတွင်း၊ မြေသားရေကန်နှင့် အခြားလုပ်ငန်းပေါင်း ၁ဝ ခုကိုလည်း ဆောင်ရွက်ခဲ့သည်။
ကျေးလက်အိမ်ရာများကိုလည်း ဖော်ဆောင်လျက်ရှိရာ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် ခွင့်ပြုငွေကျပ် ၃၅ဝ ဒသမ ဝဝ သန်းဖြင့် အိမ်အလုံး ၁ဝဝ ကိုလည်း တည်ဆောက်ပေး ခဲ့ပြီး ကျေးလက်အိမ်သာများကို မြို့နယ် ကိုးမြို့နယ်အတွက် ခွင့်ပြုငွေကျပ် ၃၃ သန်းဖြင့် အိမ်သာအလုံး ၂၂ဝ ကို ဆောက်လုပ်ပေးခဲ့သည်။
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာ စေရန်ရည်ရွယ်၍ ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ ငွေကျပ်သိန်း ၃ဝဝ ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ ရခိုင်ပြည်နယ်တွင် ကျေးရွာပေါင်း ၁၂၂ ရွာအတွက် ရန်ပုံငွေကျပ် သန်း ၃၆၆ဝ ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စု ရန်ပုံငွေကျပ်သန်း ၇၅၃၆ ဒသမ ဝ၉၅၉၅ သန်းကို ခွင့်ပြုပြီး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြေလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ တံတားနှင့် ရေပြွန်များဆောင်ရွက်ခဲ့သည့်အပြင် နယ်စပ်ဒေသများတွင် ရေရရှိရန်အတွက် ဆည် တစ် ဆည်၊ အဝီစိတွင်း တစ်တွင်း၊ ရေကန် ၈၈ ကန်နှင့် ရေတွင်းခြောက်တွင်းတို့အားလည်းကောင်း၊ ကျေးရွာ ခုနစ်ရွာတွင် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ဆိုလာမီးအစုံ ၇၈၅ စုံအား လည်းကောင်း၊ နယ်စပ်ဒေသအိမ်ရာများအား ကျေးရွာကိုးရွာတွင် အိမ် ၁၈၃ လုံးနှင့် ရုံး အဆောက်အအုံ လေးလုံးတို့ကို ဆောက်လုပ် ခဲ့သည်။ ထို့အပြင် သာသနာရေးဆိုင်ရာ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းကိုလည်း ကျေးရွာ သုံးရွာတွင် ဆောက်လုပ်လှူဒါန်း နိုင်ခဲ့သည်။
လူထုဗဟိုပြုစီမံကိန်း
ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ''ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး လူထုဗဟိုပြုစီမံကိန်းကို အမ်းမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အသက်မွေးဝမ်း ကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT Fund)နဲ့ပူးပေါင်းပြီး ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကို ဂွမြို့နယ်နဲ့ မာန်အောင်မြို့နယ်တို့မှာ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးကို ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြောကြားသည်။






No comments:

Post a Comment